(မေလ ၁၆ ရက်နေ့) ညနေပိုင်းက ကစားခဲ့သော ရန်ကုန် ယူနိုက်တက်နှင့် ဇေယျာရွှေမြေ အသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက်က (၄-၀)ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။
အဆိုပါ ပွဲစဉ်သည် မြန်မာ နေရှင်နယ် လိဂ်၏ ပထမဆုံး ပြိုင်ပွဲဖြစ်သော MNL Cup Grand Royal 2009 ၏ ပထမဆုံး ပွဲစဉ်လည်း ဖြစ်သည်။ ယင်းပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက် အသင်းသည် အိမ်ရှင်အသင်း ဖြစ်သဖြင့် ပရိသတ် အားပေးမှုကို တခဲနက် ရရှိခဲ့သည်။ ဇေယျာ ရွှေမြေမှာမူ ပရိသတ် ရရှိစေရန် နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်း ခဲ့သော်လည်း ရေရှည်တွင် ပရိသတ် အစစ်အမှန်များကို မကျော်နိုင်တော့ဘဲ စောစီးစွာ လှည့်ပြန် ကုန်ကြသည်ကို တွေ့ရှိ ခဲ့ရသည်။
ရန်ကုန် ယူနိုက်တက် အသင်းသည် အဆိုပါ ပွဲစဉ်တွင် ဂိုးသမား အောင်အောင်ဦးအား အသင်းခေါင်းဆောင် အဖြစ် ခန့်အပ် ထားပြီး ဋ္ဌေးအောင်၊ စိုးလင်းထွန်း တို့ဖြင့် ခံစစ်၌ အထိုင် ချထားသည်။ ကွင်းလယ်တွင် မျိုးမင်းထွန်းအား play-maker အဖြစ် ထားရှိကာ ဇင်မင်းဦး၊ ကြည်လင်း၊ တင်ဝင်းအောင် စသည့် လူငယ် ခြေတက်များဖြင့် ရံထားခဲ့သည်။ တိုက်စစ်တွင်မူ ကျော်သူရနှင့် နိုင်ဦးလွင်အား တွဲဖက်ကစား စေခဲ့သည်။ ဇေယျာရွှေမြေမှာမူ စီးပွားကူးသန်း ကစားသမား များအား အဓိက အထိုင်ချကာ ကစားခဲ့သည်ကို တွေ့ရသည်။ အသင်း ခေါင်းဆောင် အဖြစ် မင်သူက တာဝန်ယူခဲ့ပြီး ဇော်လင်းထွန်း(၁)၊ အောင်မျိုးသန့်၊ စည်သူသန်း၊ ရာဇာဝင်းသိန်း စသည့် ကစားသမား များကို အားပြု ကစားခဲ့သည်။

ပွဲအစ ၇ မိနစ်ကတည်းက ဇေယျာရွှေမြေ ဘက်မှ ခေါင်းတိုက် ဂိုးသွင်းခွင့် စတင် ရရှိခဲ့သော်လည်း တိုင်ဘေးမှ ကပ်ထွက် ခဲ့သည်။ မိနစ် ၂၀ ကျော်အထိ ဇေယျာရွှေမြေ ဘက်မှသာ တရစပ် တိုက်စစ်ဆင် နေပြီး ရန်ကုန်ဘက်မှ ထိထိရောက်ရောက် တိုက်စစ်ဆင် နိုင်ခြင်း မရှိခဲ့ပေ။ ၂၅ မိနစ် နောက်ပိုင်း တွင် ရန်ကုန်ဘက်မှ တလှည့်ပြန်၍ ဖိကစား လာခဲ့ရာ ပထမပိုင်း တစ်ပိုင်း တည်း၍ အပိုင် ဂိုးသွင်းခွင့် ၅ ကြိမ်ထက် မနည်း ရရှိခဲ့ပြီး ဇေယျာရွှေမြေ ဂိုးသမား ဇော်မိုးထက် လက်စွမ်းပြနိုင် ခဲ့၍သာ သက်သာ ခဲ့ရခြင်း ဖြစ်သည်။ ၃၅ မိနစ်တွင် ရန်ကုန် အသင်းဘက်မှ အပိုင်ကန်သည့် အလုံး တိုင်ထိ ထွက်သွား သဖြင့်လည်း နစ်နာခဲ့ရသည်။
ဒုတိယပိုင်း တွင်မူ ရန်ကုန် အသင်းဘက်မှ ပွဲစသည်နှင့် လျင်လျင်မြန်မြန် တိုက်စစ်ဆင် ခဲ့သဖြင့် ၄၆ မိနစ်တွင် ပထမဂိုး စတင် ရရှိခဲ့သည်။ ယင်းဂိုးကို ခြေစွမ်းပြ နေသည့် မျိုးမင်းထွန်းက ထောင့်ကန်ဘောအား ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်ပြီး မြန်မာ နေရှင်နယ်လိဂ်၏ ပထမဆုံးဂိုး အဖြစ် မှတ်တမ်းဝင် သွားခဲ့သည်။ ထို့နောက်တွင် ဇေယျာရွှေမြေ အသင်းက ကျော်ဇင်ဝင်း အစား ကျော်ကိုကိုအား ထည့်သွင်းကာ ချေပဂိုးရရန် တိုက်စစ်မြှင့် ခဲ့သည်။ ၅၂ မိနစ်တွင် ပြိုင်ဘက် ကစားသမားအား ဥပဒေပ ကြမ်းတမ်းစွာ ကစားခဲ့သည် ရန်ကုန် တိုက်စစ်မှူး နိုင်ဦးလွင် အ၀ါကဒ် ပြသခံခဲ့ရ သဖြင့် နေရှင်နယ် လိဂ်၏ ပထမဆုံး အ၀ါကဒ် အဖြစ် မှတ်တမ်း ၀င်ခဲ့ ပြန်သည်။
ရန်ကုန် နည်းပြ ဦးမျိုးလှိုင်ဝင်းသည် အ၀ါကဒ် ထိသွားသူ နိုင်ဦးလွင်ကို ၅၅ မိနစ်၌ ထုတ်ကာ ကင်မရွန်း တိုက်စစ်မှူး မက်ဆီပိုအား ထည့်သွင်း ကစားစေ ခဲ့သည်။ မက်ဆီပိုသည် အသင်းနှင့် အချိတ်အဆက် မမိ သေးသော်လည်း တစ်ဦးချင်း စွမ်းရည်မှာ ကောင်းမွန်ကြောင်း တွေ့ရသည်။ ၇၁ မိနစ်တွင် ရန်ကုန် ကွင်းလယ်လူ ကြည်လင်းက ဇေယျာရွှေမြေ နောက်ခံလူ တစ်ယောက်ကို လိမ်ကာ ဂိုးသမား၏ ညာဘက် ထောင့်ထဲသို့ အပြင်း ကန်သွင်းပြီး ဒုတိယဂိုး ရယူခဲ့သည်။ ထို့နောက်တွင် ရန်ကုန်သည် တိုက်စစ်မှူး ကျော်သူရကို ထုတ်ကာ လူငယ် ကစားသမား ရန်အောင်ဝင်းကို ထည့်သွင်း ခဲ့သည်။

၈၃ မိနစ်တွင် ဒုတိယဂိုးရှင် ကြည်လင်းကပင် တန်ပြန် တိုက်စစ်မှ သယ်ယူလာသော ဘောလုံးကို ဂိုးသမားနှင့် တစ်ဦးချင်း ရင်ဆိုင် အတွေ့တွင် တတိယဂိုး သွင်းယူ ခဲ့ပြန်သည်။ ထို့နောက် ကြည်လင်းကို ထုတ်ကာ မြတ်ထူးနိုင်ကို လူစားလဲခဲ့သည်။ ၈၇ မိနစ်တွင်မူ ကင်မရွန်း တိုက်စစ်မှူး မက်ဆီပိုက ဂိုးဧရိယာ ရှေ့တွင် နောက်ခံလူ တစ်ယောက်ကို ကျော်ဖြတ်ကာ ဂိုးသမား မမှီနိုင်သည့် အဝေးထောင့် ထဲသို့ ကန်သွင်းပြီး အပိတ်ဂိုးကို သွင်းယူခဲ့သည်။ ဇေယျာရွှေမြေ အသင်းသည် ထူးကျော်၊ ရဲဝေယံစိုး အစရှိသည့် ကစားသမား များကို ထပ်မံ ထည့်သွင်းပြီး ကစား ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရပြီး ၈၉ မိနစ်တွင် ရရှိသည့် ပယ်နယ်တီ ကိုလည်း ကျော်ဋ္ဌေးဦးက လွဲချော်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် အကောင်းဆုံး ကစားသမား ဆုကို ရန်ကုန် ကွင်းလယ်လူ မျိုးမင်းထွန်းက ရရရှိခဲ့ပြီး ဆုကြေး ၅ သိန်း ရခဲ့သည်။ အနိုင်ရသည့် ရန်ကုန် ယူနိုက်တက် သည်လည်း ကမ္ဘောဇ ဘဏ်က ချီးမြှင့်သည့် ဆုငွေ ၁၀ သိန်းကျပ်ကို ရရှိခဲ့သည်။ ထိုပွဲ အနိုင်ကြောင့် ရန်ကုန် ယူနိုက်တက် အသင်းသည် MNL Cup Grand Royal 2009 အမှတ်ပေး ဇယားတွင် စတင် ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
ပါဝင်ကစား ကြသူများဇေယျာရွှေမြေ - ဇော်မိုးထက်၊ မင်းသူ၊ ဇော်လင်းထွန်း(၁)၊ ကျော်ဋ္ဌေးဦး၊ အောင်မျိုးသန့်၊ စည်သူသန်း (ရဲဝေယံစိုး ၈၆ မိနစ်)၊ ရာဇာဝင်းသိန်း၊ အောင်မိုး (ထူးကျော် ၇၆ မိနစ်)၊ ချန်းချန်း၊ မျိုးဇော်ထွန်း၊ ကျော်ဇင်ဝင်း (ကျော်ကိုကို ၄၈ မိနစ်)
ရန်ကုန် ယူနိုက်တက် - အောင်အောင်ဦး၊ ကျော်ဒွန်း၊ ဋ္ဌေးအောင်၊ စိုးလင်းထွန်း၊ တင်ဝင်းအောင်၊ ကြည်လင်း (မြတ်ထူးနိုင် ၈၄ မိနစ်)၊ နိုင်ဦးလွင် (မက်ဆီပို ၅၅ မိနစ်)၊ ကျော်သူရ (ရန်အောင်ဝင်း ၇၈ မိနစ်)၊ အောင်သိုက်၊ မျိုးမင်းထွန်း၊ ဇင်မင်းဦး
အ၀ါကဒ် အနီကဒ် ထိကြသူများဇေယျာရွှေမြေ - နိုင်ဦးလွင် (၅၂ မိနစ်)(၀ါ)၊ အောင်သိုက် (၈၈ မိနစ်)(၀ါ)၊
ဂိုးသွင်းသူများဇေယျာရွှေမြေ - မရှိ
ရန်ကုန် ယူနိုက်တက် - ကြည်လင်း (၂)ဂိုး၊ မျိုးမင်းထွန်း (၁)ဂိုး၊ မက်ဆီပို (၁)ဂိုး
ပွဲကြီးကြပ်သူကွင်းလယ်ဒိုင် - ဦးဝင်းချို
အရန်ဒိုင် (၁) - ဦးထွန်းရီ
အရန်ဒိုင် (၂) - ဦးမျိုးဝင်း
စတုတ္ထဒိုင် - ဦးလှတင့်
ပွဲကြီးကြပ်သူ - ဦးမျိုးဝင်းညွန့်
ဒိုင်ကြီးကြပ်သူ - အဇူမီဘင်အဗ္ဗဒူလာ
အထွေထွေ မန်နေဂျာ - ဦးဝင်းသူမိုး
credit - soccermyanmar